Sunday 31 July 2011

သမာသာမိဿသုခု

ဗြူရိုကရက်အစိုးရတို့က အောက်ကျနောက်ကျရှိကြသည်ဟု ကဲ့ရဲ့ရှုံ့ချပြောဆိုဟစ်ကြူးလျက် စိတ်ဝမ်းမကွဲ ကျောက်ခဲသံတိုင်ကဲ့သို့ ကျင့်မူဆောင်ရွက်လာခဲ့ကြသည့်အတွက် တကမ္ဘာလုံးရှိ ဗိုလ်ခြေအပေါင်းတို့က အံ့သြမကုန်နိုင် ရှိခဲ့ကြရလေပြီး။

မြန်မာအမျိုးသားတို့က ဆောင်ရွက်ကျင့်မူ၍ တစတစထွင်လာကြသည်မှာ ငလျင်တောလဲ မီးတောင်ပေါက်ကွဲသည်သို့၎င်း၊ လေမုန်တိုင်းကြောင့်ဒီလှိုင်းဖြိုးမောက်သည်သို့၎င်း၊ တဆင့်ထက်တဆင့် ကြီးမြင့်တိုး ပွားသောအင်အားနှင့် ပြည့်စုံလာကြလေရာ ကျောက်ဆောင်၏ ပမာဏကြွားကြွားကြံ့ခိုင် မယိမ်းမယိုင် တည်နိုင်သောအခြေသို့ ရောက်ခဲ့ကြလေပြီ။

ဤကဲ့သို့ ကြံ့ခိုင်တည်နိုင်ကြခြင်းမှာ သမဂ္ဂါနံ၊ တပေါသုခေါတည်းဟူသော စည်းလုံးညီညွတ်ခြင်းတည်းဟူသော သမာသာမိဿ၏ သုခပင်တည်း။

၁၉၁၇- ခုနှစ်တွင် ဗြူရိုကရက်အစိုးရတို့က မြန်မာအမျိုးသားတို့ကို အလွန်ညံ့ဖျင်း၍ အကင်းမပါးနိုးကြားထကြွခြင်းမရှိသော အောက်ကျ နောက်ကျရှိလှသည့်သူများဟု ဆိုခဲ့ဖူးပေသည်။ 

မစ္စတာမွန်တေဂူနှင့် အပေါင်းပါကော်မီတီတို့ကို မြန်မာပြည်သို့မလာရဘဲ ၎င်းတို့က စစ်ဆေးစုံစမ်းသောအခါ ထိုသူတို့စိတ်ထဲ၌ မြန်မာအမျိုးသားတို့သည် အလွန်ညံ့ဖျင်းသည်ဟူသောသဘောမျိုးနှင့် အထင်အမြင်သေးလှစွာ စစ်ဆေးစုံစမ်း၍ မြန်မာအမျိုးသားတို့သည် အိန္ဒိယတွင်း၌ သေးသိမ်လှသော ခရိုင်နယ်များက ရထိုက်သောပြုပြင်အုပ်ချုပ်ရေးမျှနှင့်ပင်လျှင် မထိုက်မထန်သောလူမျိုးဟု ဆိုထားဆုံးဖြတ်ခံဖူးလေသည်။

ထိုများစွာသော အစည်းအဝေးတို့ကိုခေါ်၍ ယင်းကဲ့သို့ဆုံးဖြတ်ခြင်းကို မခံနိုင်ကျေနပ်နိုင်ကြကြောင်းဖြင့် တသံတညီတည်း ဟစ်အော်ကြသည့်ပြင် အင်္ဂလန်ပြည်သို့ မြန်မာကိုယ်စားလှယ်တမန်တော်များကို ပင်လျှင် ပါလီမန်၌ လျှောက်ထားပြောဆိုရန် အမျိုးသားတို့က စွန့်စား စေလွှတ်သော်ငြားလည်း အကျိုးမများ အထူးခြားရှိခဲ့ရလေသည်။

No comments:

Post a Comment