Sunday 31 July 2011

တလှေထဲစီးသူများ

အမျိုးသားတို့သည် မြန်မာပြည်၌သော်လည်းကောင်း၊ အိန္ဒိယပြည်၌သော်လည်းကောင်း ဖြစ်ပျက်လျှက်ရှိသော အရေးတော်ပုံတို့ကို ကုန်ကုန်ဖွင့်လှစ် စီစစ် စစ်ဆေးကြသော ဂရုဓမ္မကို လုံ့လဆုပ်နှစ် တစ်တစ်ခွခွပြုကြလေပြီ။

မဟတ္တမဂန္ဒီ၏ မူစနစ်နည်းသစ် အဖြာဖြာတို့ကို မြန်မာပြည်တဝှမ်းလုံး၏ ဇနပုဒ်မျှမကျန် တန်တန်ရှူစား သတိထား၍ ဆင်ခြင်ကြပြီးလျှင် ထိုပုဂ္ဂိုလ်ကျော် ပြုမူဆောင်ရွက်ခြင်းကို သေချာပနစွာ မသိငြားသော်လည်း တတ်အားသမျှ သင်ကြားနားလည်ကြလေပြီ။

ဆွာမိရှရဒမန်နှင့် မစ္စတာအဗတ်ဝိတရန္ဒဂျီတို့သည် မြန်မာပြည်သို့ လှည့်လည်ရသောအခါ များစွာသော မြန်မာအမျိုးသားတို့က ရွှင်လန်းအားကျလျက် ကြိုဆိုဧည့်ခံကြလေသည်။

အိန္ဒိယအမျိုးသားတို့နှင့် မြန်မာအမျိုးသားတို့သည် တလှေထဲစီး တခရီးထဲ သွားကြရမည့်သူများ ဖြစ်ခြင်းကြောင့်၊ အသွင်မခြား စိတ်ထားအမူအတူတူပင် ရှိသင့်ကြပေသည်ဟူသော နိယာမစကားကို အမြို့မြို့အရွာရွာတိုင်း၌ပင် ယခုအခါ ကြားနာရလေသည်။

ဝံသာနုရက္ခိတ၊ ဥာတတ္တသင်္ဂဟတရားတို့နှင့် ချွေတာသုံးစွဲစွန့်ကြဲခြင်းတရား၊ သည်းခံခြင်းတရား၊ ဒုက္ခစရိယကျင့်ခြင်းတရားတို့သည် တစတစ ပွားများတိုးတက် လာခဲ့ကြသည်။

ပြည်သူတို့သည် မည်ကဲ့သို့သောအချက်ကို အလိုရှိကြသည်ဟုလည်း ဒိဌဧကန်သိကြ နားလည်ကြလေပြီ။

ထိုကြောင့် မိမိတို့လိုလားတောင်းတသော အချက်ကို ရရှိနိုင်စေရန် ခြိုးခြံစွန့်ကြဲခြင်းနှင့် ဆိုက်ကြုံလတံ့သော အတိဒုက္ခကိုခံတော့မည်ဟု အဓိဌာန်ပြုကြပြီးချေပြီ။

No comments:

Post a Comment